၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်

 အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၏ ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်(၁၅)ကြိမ်မြောက် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ် ကျောင်းဆင်းလက်ရာမွန်ပြပွဲနှင့် စင်တင် တင်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ် ကျုံးအရှေ့ဘက် ၆၆ လမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

 အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်သူ၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းစိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ် ဒေါက်တာဒေါ်ခင်ကြည်ပြာ၊ ဒုတိယပါမောက္ခချုပ် ဦးမောင်မောင်ဇော်ထက် (သင်ကြား)၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီထွေး(စီမံ)၊ လေ့ကျင်းရေးနှင့် သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မိုးနှင့် မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Nanda n Singh Bhaisora၊ တက္ကသိုလ်ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၁၀၀၀ ကျော် တက်ရောက်ကြသည်။

 အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ဘွဲ့ယူကျောင်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီအနုပညာလက်ရာ ကားပေါင်း ၃၀၊ ပန်းပုလက်ရာ ရုပ်တုပေါင်း ၃၆ ရုပ်၊ ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုကြပြီး နောက် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများ၏ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်၊ အနုပညာဖန်တီးမှုတို့ဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ကြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြန့်ပွားရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ နှစ်စဉ် အနုပညာရှင်များ မွေးထုတ်ပေးနေသည်မှာ ယခုနှစ်ဆိုလျှင်(၁၅)ကြိမ်မြောက်ခဲ့ပြီးဖြစ်ကာ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်ဘာသာရပ်များနှင့် စာပေဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။

 အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ထူးချွန်ထက်မြက်သော အနုပညာရှင်များလည်း ပေါ်ထွက်လာကာ အနုပညာအမွေအနှစ်များ ထိန်းသိမ်းလျက် တီထွင်ဆန်းသစ်အောင်မြင်ကြသည့် အနုပညာရှင်ကောင်းများဖြစ်စေရန် ရည်ရွယ်၍ အနုပညာဖန်တီးမှုစွမ်းရည်ပြပွဲ အစီအစဉ် ၁၅ မျိုး တို့ဖြင့် ဆက်လက်ဧည့်ခံဖျော်ဖြေမှုကို ဧည့်သည်တော်များ ကြည့်ရှုအားပေးခဲ့ကြသည်။