၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်

 သံဃာရတနာတိုးပွားရေးကို ဦးတည်ဆောင်ရွက်နေသော အနော်ရထာဖောင်ဒေးရှင်း၏ သာသနာ့မျိုးဆက် တစ်ပါးချန် ဆရာဒကာညီညွတ်ရေးစီမံကိန်း အရ ပိဋကတ်စာပေသင်ယူနေကြသော စာသင်သား သံဃာအပါး(၃၀၀)တို့အား တစ်ပါးလျှင် ငွေကျပ် ၁၂၀၀၀၀ နှုန်းဖြင့် ငွေကျပ် သိန်း ၃၆၀ လှူဒါန်းပွဲနှင့် သာသနာ့အမွေခံယူပွဲကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ပရိယတ္တိ သာသနာ့ဟိတအသင်းခန်းမ၌ ကျင်းပသည်။

 အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးကျော်လှိုင်က အခမ်းအနားအစီအစဉ်များကို လျှောက်ထားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 ထို့နောက် မန္တလေး မစိုးရိမ်တိုက် ဦးဆောင်ဆရာတော် ဘဒ္ဒန္တဗုဒ္ဓပီယက သံဃာရှိမှ သာသနာရှိမည် ဆောင်ပုဒ်နှင့်အညီ သာသနာတော်တည်တံ့ ခိုင်မြဲရေး၊ ဆရာဒကာညီညွတ်ရေး အနော်ရထာဖောင်ဒေးရှင်းကိုဖွဲ့စည်း၍ သာသနာ့အမွေခံယူပွဲ ကျင်းပရခြင်းဖြစ်ကြောင်း မိန့်ကြားသည်။

 ထို့နောက် ပိဋကတ်စာပေသင်ယူနေကြသော စာသင်သား သံဃာအပါး(၃၀၀)တို့အား တစ်ပါးလျှင် ငွေကျပ် ၁၂၀၀၀၀ နှင့် လှူဖွယ်ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်နှင့်တာဝန်ရှိသူများက ဆက်ကပ်ကြသည်။

 အနော်ရထာဖောင်ဒေးရှင်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက် တွင် စတင်တည်ထောင်ခဲ့သည်။