၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်

 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား အခြေခံပညာ ခရိုင်ပေါင်းစုံ ရိုးရာခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်  မွန်းလွဲ ၂ နာရီက ဗထူးမိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသည်။

 ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကျင်းပရာ တာဝန်ရှိသူများက တက်သစ်စအားကစားသမားဆုရရှိသော ကျောက်ဆည်ခရိုင်အသင်းမှ မောင်ဝဿန်မြင့်မိုရ်ဦး၊ အကောင်းဆုံးကစားသမားဆုရရှိသော မန္တလေးခရိုင်အသင်းမှ မောင်အေးချမ်းအောင်တို့အား ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်သည်။

 ထို့နောက် တာဝန်ရှိသူများက နှစ်သိမ့်ဆုများရရှိသည့် ရမည်းသင်းခရိုင်အသင်း၊ ကျောက်ဆည်ခရိုင်အသင်းနှင့် မိတ္ထီလာခရိုင်အသင်းတို့အား ဆုတံဆိပ် နှင့် ငွေသားဆုများ ချီးမြှင့်သည်။ ဆက်လက်၍ တတိယဆုရရှိသော မြင်းခြံခရိုင်အသင်းအား မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က  ဆုဖလား၊ ဆုတံဆိပ်နှင့် ဆုငွေကျပ်နှစ်သိန်း ပေးအပ်ချီးမြှင့်သည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ၀န်ကြီး ဦးမျိုးသစ်က ဒုတိယရရှိသော မန္တလေးခရိုင်အသင်းအား ဆုဖလား၊ ဆုတံဆိပ်နှင့် ဆုငွေကျပ် သုံးသိန်း ပေးအပ်ချီးမြှင့်သည်။

 မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဌာန ၀န်ကြီး ဦးစိုင်းပန်းဆိုင်က ပထမရရှိခဲ့သော ပြင်ဦးလွင်ခရိုင်အသင်းအား ဆုဖလား၊ဆုတံဆိပ်နှင့် ဆုငွေကျပ် ငါးသိန်း ပေးအပ်ချီးမြှင့်ပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးကြသည်။

 အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၃၀ ရက်မှ စတင်ကျင်းပခဲ့ရာ အသင်းခြောက်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။