၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

 ရမည်းသင်းမြို့နယ်၊ တဘက္ကာကျေးရွာအုပ်စု၊ ထီးကြီးကုန်းကျေးရွာ၊ ထီးကြီးကုန်းမဟာစည်သာသနာ့ရိပ်သာမြေ ၅ ဒသမ ၀၅ ဧကအား သာသနာမြေ အဖြစ် အသုံးပြုရန် အခွန်လွတ်သာသနာမြေ ခွင့်ပြုမိန့်ဂရန် ဆက်ကပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ယင်းရိပ်သာတွင် ပြုလုပ်ရာ ထီးကြီးကုန်း မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသစ္စဝံသ အမှူးပြုသော ပင့်သံဃာတော် ဆရာတော်များ၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိ၊ ရပ်ဖ မိဘပြည်သူများ တက်ရောက်ကြည်ညိုကြသည်။

 အစီအစဉ်အရ ထီးကြီးကုန်းမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော်ထံမှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဇာနည်အောင်က ဆရာတော်ကြီးထံသို့ သာသနာ့မြေအဖြစ် အသုံးပြုရန် အခွန်လွတ်သာသနာ့မြေ ခွင့်ပြုမိန့်ဂရန်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 ဆက်ကပ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမျိုးသစ်၊ ဦးအောင်ကြည်၊ ဦးစိုင်းပန်းဆိုင် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး နှင့် တက်ရောက်လာကြသူများက ဆရာတော်များအား သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။