၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်

 မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာတော်အပါး ၃၀၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ဒီဇင်ဘာ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ မြို့နယ်များမှ ပူးပေါင်းပါဝင်ကုသိုလ်ပြုနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက ပုသိမ်ကြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 ရှေးဦးစွာ မြို့နယ်သာသာနာရေးနှင့် လဝက ဦးစီးမှူး ဦးကိုကိုကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ လူငယ်များလေ့ကျင့်ပေးရေးနှင့် လှူဖွယ်ပစ္စည်းများ စီစဉ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးမျိုးဝင်းနိုင်က မြို့နယ်အတွင်းရှိ ပရဟိတအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များအား ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးအတွက် ချမှတ်ထားသည့်အစီစဉ်များကို ရှင်းလင်းပြောကြားကာ ကော်မတီဝင် တွဲဖက်အတွင်းရေးမှူး(၂) ဦးလှဘုန်းက ဖြည့်စွက်ရှင်းလင်းပြောကြားသည်။

 ဆက်လက်၍ တက်ရောက်လာသည့် ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက အဆိုပါ လှူဒါန်းမှုများတွင် ပါဝင်၍ ကုသိုလ်ပြုလှုပ်ရှားရမည့် အစီအစဉ်များကို အသီးသီးညှိနှိုင်းဆွေးနွေးကြသည်။

 “ကော်မတီအနေနဲ့ မန္တလေး(၇)မြို့နယ်မှာရှိတဲ့ လူမှုရေးအသင်းတွေနဲ့ အင်အားစုပြီး လုပ်အားပေးရမှာဖြစ်ကြောင်း၊ (၇)မြို့နယ်လုံးကိုလည်း ရက်အလိုက် ကွင်းဆင်းညှိနှိုင်းစည်းဝေးသွားမှာဖြစ်ကြောင်း၊ ယမန်နှစ်က သံဃာ အပါး ၂၀၀၀၀ မှာ လုပ်အားပေး ၃၀၀၀ လောက်ဆိုရင် သံဃာ အပါး ၃၀၀၀၀ မှာ လုပ်အားပေး ၆၀၀၀ လောက်အထိမှန်းထားကြောင်း၊ သို့သော်လည်း မြို့နယ်အသီးသီးက လုပ်အားပေးစုစုပေါင်း ၄၀၀၀ လောက်ရရင် လုပ်ငန်းများဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ကြုံလှခဲတဲ့ ဒီ သံဃာ အပါး ၃၀၀၀၀ ရဲ့ ပရိတ်ရွတ်သံတွေနဲ့ ဆွမ်းလောင်းလှူပွဲကြီးကို ဝမ်းသာအားရ ဆောင်ရွက်ရွက်ရမှာဖြစ်ကြောင်း၊ ဒီပွဲတော်ကြီးကို မိမိတို့သဒ္ဓါတတ်အားသရွေ့ ပါဝင်လှူဒါန်းနိုင်သလို လုပ်အားဒါနဖြင့်လည်း ကုသိုလ်ပြုပါဝင်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း” ဦးမျိုးဝင်းနိုင်က ပြောကြားသည်။