၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်

 မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိဘက်စုံအားကစားခန်းမတွင် အိမ်ရှင်အဖြစ် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အားကစားသမားများ တည်းခိုနေထိုင်ကြမည့် ဗထူးကွင်းနှင့် အမှတ်(၂) အခြေခံပညာဦးစီးဌာနတို့ရှိ ကစားသမားတည်းခိုဆောင်များသို့ ပြင်ဆင်ဆောင်ရွက်ထားမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 အဆိုပါ စစ်ဆေးရာသို့ တိုင်းဒေသကြီး ပြိုင်ပွဲကျင်းပရေးမှ အဆောင်တာဝန်ခံများက ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် တည်းခိုမည့် အသင်းအမည်စာရင်းများအလိုက် ဆောင်ရွက်ထားရှိမှုတို့ကို အသီးသီးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးက လုပ်ငန်းလိုအပ်သည်များကို တာဝန်ရှိသူတို့အား ဖြည့်စွက်ဆောင်ရွက်ထားနိုင်ရန် မှာကြားခဲ့သည်။