၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

 မြို့တော်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် ဘက်စုံထောင်စုံမှ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် ရာတွင် လမ်းတံတားဌာနလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် အခြေခံကျသော စက်ရုံများတည်ဆောက်၍ နည်းပညာကဏ္ဍ၌အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ မြို့တွင်းလမ်းမကြီးများအပြင် မြို့နယ်များရှိ ရပ်ကွက်တွင်း လမ်းများကိုလည်း နိုင်လွန်ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်လျက်ရှိရာ၌ ကျောက်အစားထိုး Stabilized Soil နှင့် လမ်းအသစ်များခင်းကျင်းပြီးနောက် နိုင်လွန်မခင်းမီ မျက်နာပြင်ချောမွေ့ပြီး ရေစိမ့်မဝင်နိုင်စေရန် ပထမဦးစွာ ဖျန်းပေးရသည့် Asphalt Emulsion သည် ပြင်ပမှ ဝယ်ယူသုံးစွဲရာတွင် ကုန်ကျစရိတ်များပြားသဖြင့် မြို့တော်စည်ပင် အနေဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ရန်ကုန်-မန္တလေးကားလမ်းကြား၊ စက်မှုပန်းခြံလမ်းရှိ Stabilized Soil နှင့် နိုင်လွန်ကတ္တရာထုတ်လုပ်သည့် စက်ရုံဝင်းအတွင်း၌ Emulsion Plant ကို တည်ဆောက်လျက်ရှိသည်။

 အခြေခံလွှာ၌ နိုင်လွန်ကတ္တရာကြား ပိုမိုခိုင်မာစွာ တွဲကပ်နေစေရန် ဖျန်းပေးရသည့် Asphalt Emulsion (Prime Coat )ထုတ်လုပ်ရန် တူရကီနိုင်ငံ AMMANN ကုမ္ပဏီ၏ Emul TEK Series Emulsion Plant ၏ စက်ပစ္စည်းအစိတ်အပိုင်းများ တပ်ဆင်ပြီးစီးမှုအခြေအနေကို ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ဝ ရက်နေ့၊ ညနေ ၄ နာရီခွဲက မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်သည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ ကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရာ လမ်းတံတားဌာန ဌာနမှူး ဦးသန်းထိုက်ဦးနှင့် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများက အဆိုပါ Prime Coat ကို အခြေခံလွှာ၏ (Granular Base) ပေါ်မူတည်၍ ကတ္တရာ ၆ဝ ရာခိုင်နှုန်းကို ရေ၊ အက်စက်နှင့်ပျံ့နှံရောစပ်ပြီး ထွက်ပေါ်လာသည့် Emulsifier ကို မိမိကြိုက်နှစ်သက်ရာ Mixed Design အတိုင်း အဆင့်မြင့်ကွန်ပျူတာစနစ်ဖြင့် ချိန်ညှိ၍ ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် စက်များတပ်ဆင်ထားပုံကို ရှင်းလင်းခဲ့ကြသည်။

 “တစ်နာရီကို ၁၅ တန်အထိ ထုတ်လုပ်နိုင်ပါတယ်။ Stabilized Soil လမ်းခင်းတာများလာတော့ Asphalt Emulsion ကို ပြင်ပက ဝယ်ယူရတာ များလာလို့ ကုန်ကျစရိတ်သက်သာအောင်အခုလို စက်ရုံတည်ဆောက်ခဲ့တာပါ။ စက်အရည်အသွေးပိုကောင်းလို့ ပြည်တွင်းမှာ ဝယ်ယူနေရတဲ့ Emulsion တွေထက် အရည်အသွေးပိုကောင်းမယ်လို့ မျှော်လင့်ထားပါတယ်” ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။