၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်

 မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာတော်အပါး(၃၀၀၀၀)ဆွမ်းဆန် စိမ်းလောင်းလှူပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာရဲလွင်သည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက အခမ်းအနားကျင်းပပြုလုပ်မည့် မန္တလေး၊ ချမ်းမြသာစည်လေဆိပ်သို့ သွားရောက်ကာ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 တကျရပ်နားနိုင်ရန်နေရာ(Parking) ‌မြေညှိမြေဖို့ခြင်း၊ သံဃာတော်များ ကြိုဆိုနေရာချထားရန်နေရာ၊ လှူဖွယ်ပစ္စည်းများ စီစဉ်နေရာချထားရန် ဆောင်ရွက်ထားရှိမှု၊ အခမ်းအနားထိုင်ခုံများ နေရာချထားရေး၊ သန့်စင်ခန်းနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ အမြန်ဆုံးပြီးစီးရေးကို သက်ဆိုင်ရာဆပ်ကော်မတီအလိုက် တာဝန်ရှိသူများ၊ မြို့တော်စည်ပင် ဌာနမှူးများအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 ထို့နောက် လေဆိပ်အရှေ့ဘက်ဝင်ပေါက်လမ်းနေရာများ စက်ယန္တရားဖြင့် မြေညှိခြင်းနှင့် ကျောက်မှုန့်ခင်းကျင်းခြင်းလုပ်ငန်းနှင့် သံပေါင်ဘေလီ တံတားခင်းကျင်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ မြို့တော်ဝန်က ကားများ ဝင်၊ ထွက်မည်ဖြစ်၍ ခိုင်ခံ့ပြီး အဆင်ပြေချောမွေ့စွာသွားလာ နိုင်အောင် ဆောင်ရွက်သွားရန် လမ်းတံတားဌာန ဌာနမှူးအား မှာကြားသည်။

 ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကုန်တင်ယာဉ်ကြီးများပေါ်မှ ထိုင်ခုံများ ကွင်းအတွင်းစနစ်တကျ သယ်ယူနေမှုကိုလည်းကောင်း၊ လှူဖွယ်ပစ္စည်းများနေရာချထားရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြည်တွင်းနှင့် ပြည်ပဧည့်သည်တော်များ ကြိုဆိုနေရာချထားရန် သတ်မှတ်ထားရှိမှု၊ လျှပ်စစ်မီးတိုင်များ စိုက်ထူထားရှိမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။

 မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာတော်အပါး(၃၀၀၀၀) ဆွမ်းဆန် စိမ်းလောင်းလှူပွဲကြီးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၈ ရက် နံနက် ၆ နာရီတွင် ကျင်းပသွားမည်ဖြစ်သည်။