၂၀၁၉ခုနှစ်၊ဒီဇင်ဘာလ ၁ ရက်နေ့

 မန္တလေးမြို့ အဆာဟိကရာတေး အသင်းချုပ်၏ နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် သရုပ်ပြပွဲနှင့်မိတ်ဆုံစားပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁ ရက် ညနေ ၅ နာရီက ဒေါက်တာရဲလွင် တက်ရောက်ချီးမြှင့်ပေးသည်။

 အစီအစဉ်အရ အဆာဟိကရာတေးအသင်း နည်းပြချုပ် ဆရာကြီး ဦးကျော်ညွန့်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က အဆာဟိကရာတေးအသင်း နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အတွက် ပါဝင်ကူညီပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ ထို့နောက် အဆာဟိခရာတေးအသင်းမှ နည်းပြဆရာများ၊ လက်ထောက်ဆရာများ၊ အသင်းသား၊ အသင်းသူများက ကရာတေးကကွက်များဖြင့် သရုပ်ပြတင်ဆက်ကြသည်။

 ရွှေရတုအထိမ်းအမှတ်ပွဲတွင် ရန်ကုန်၊ ထားဝယ်၊ မြိတ်၊ ချင်းပြည်နယ်၊ မော်လမြိုင်၊ မုံရွာ စသည့် မြို့များမှ အသင်းများလည်း တက်ရောက်ကြသည်။ ဒီဇင်ဘာလ၂ရက် ညနေပိုင်းတွင်လည်း အသင်းတည်နေရာ၌ အာစရိယပူဇော်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

 မန္တလေးမြို့ အဆာဟိကရာတေးအသင်းကို ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာ ၁ရက်၌ ဒါးတန်းဦးသန့်၏ ဝင်းထဲတွင် အဆာဟိနာမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် ဒါးတန်းဦးသန့်၏ ဝင်းမှ ၂၃လမ်း၊ ၈၆လမ်းနှင့် ၈၇ လမ်းကြာ (Diocesan) ဘုရား‌ကျောင်းအတွင်း၌ ယနေ့ထက်တိုင် လက်ထောက်ဆရာ ၁၅ဦးဖြင့် ပုံမှန် သင်ကြားပေးလျက်ရှိသည်။