၂ဝ၂ဝပြည့်နှစ်၊ မေလ ၂၁ ရက်

 မန္တလေးမြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (၂ဝ၁၇-၂ဝ၂၃)၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မန္တလေးမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရန်နှင့် ရေကြောင့်ဖြစ်သော ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန် အဓိကရည်ရွယ်ချက်များဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ရွှေဂဲရေဆိုးထုတ်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ချေးငွေဖြင့် (၂ဝ၁၈)ခုနှစ်၊ ဇူလိုင်လတွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ Pumping Station ကို တည်ဆောက်ပြီးစီးတော့မည်ဖြစ်သည်။

 ရွှေဂဲရေဆိုးထုတ်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေကို ၂ဝ၂ဝပြည့်နှစ်၊ မေလ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ ကော်မတီဝင် ဒေါ်မြင့်မြင့်သန်းတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးရာ ရေနှင့်သန့်ရှင်းရေးဌာန ဌာနမှူး ဦးစိုးအောင်နှင့်တာဝန်ရှိသူများ၊ တည်ဆောက်ရေးတာဝန်ခံတို့က စီမံကိန်းဆိုင်ရာ ပြီးစီးမှုများကိုလည်းကောင်း၊ ဧရာဝတီမြစ်ဘက်ခြမ်းသို့ ပို့လွှတ်မည့် ပိုက်လိုင်းများကို ကမ်းနားလမ်းအောက်မှ ဆက်သွယ်ချထားခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 ထို့နောက် လုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ဇွန်လလယ်တွင် အရေးတကြီးလုပ်ငန်းအားလုံးပြီးစီးအောင် ဆောင်ရွက်ရန်တည်ဆောက်ရေးစီမံကိန်းတာဝန်ခံနှင့် အင်ဂျင်နီယာအဖွဲ့အား မှာကြားခဲ့သည်။ “စီမံကိန်းပြီးသွားရင်ရေဆိုးစွန့်ပစ်နိုင်မှုပမာဏ (2m3/sec Capacity)တစ်စက္ကန့်လျှင် ၂ ကုဗမီတာရှိတဲ့ Pump လေးလုံးကနေ သုံးလုံးလည် တစ်လုံးနားစနစ်နဲ့ ရေဂါလန် (၄ ဒသမ ၇၅)သန်းစွန့်ပစ်နိုင်မှာပါ။ မိုးများတဲ့နေ့ မိုးဆက် တိုက်ရွာတဲ့နေ့တွေမှာ လမ်းပေါ်ရေတင်မကျန်အောင် အဓိကမြောင်းတွေဖြစ်တဲ့ ရွှေတစ်ချောင်း၊ သင်္ဂဇာချောင်း၊ ကန်တော်ကြီးနဲ့ နံကပ်အင်း ဝန်းကျင်က ရေတွေကို လျှော့ချဖို့ ရည်ရွယ်တာပါ။ ရေဆိုးထုတ်စက်ရုံက တည်ဆောက်ပြီးစီးလုဖြစ်ပြီး ကမ်းနားလမ်းအောက်က ပိုက်လိုင်း ဆက်သွယ်ချထားခြင်းလုပ်ငန်း တွေကိုလည်း ဧရာဝတီမြစ်ရေမတက်ခင် အချိန်မီပြီးစီးဖို့ ကမ်းနားလမ်းအား ပိတ်၍ အချင်း(၁ဝဝဝ)မီလီတာရှိ Mild Steel Pipe ပိုက်လိုင်း ရှစ်ခု ချထားခြင်း လုပ်ငန်းကို အမြန်ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါသည်။ လောလောဆယ် စီမံကိန်းမှာ ပိုက် ၄ ခုပဲ အသုံးပြုသွားမှာဖြစ်ပြီး အရန်ပိုက် ၄ ခုက အနာဂတ်မှာ ကြုံတွေလာနိုင်တဲ့ Climate Change အတွက် စက် ၄ ခု ထပ်မံတပ်ဆင်နိုင်အောင် ထည့်သွင်းတည်ဆောက်လျှော့ချနိုင်မှာဖြစ်လို့ လမ်းပေါ်က မိုးရေတွေ ချက်ချင်းကျသွားမှာပါ။ မြို့တွင်း၊ မြောင်းတွေကို အဆင့်မြှင့်တင် နေသလို မြောင်းဆယ်တာတွေ ပုံမှန်လုပ်နေလို့ တော်ရုံများတဲ့ မိုးဆိုရင်တောင် အရင်က ဆိုးခဲ့တဲ့နေရာတွေမှာ မိုးရေသိပ်မတင်တော့ပါဘူး”ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။