၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်

 ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ အထက်မြန်မာပြည်တက္ကသိုလ်၊ ဒီဂရီကောလိပ် ကောလိပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ သုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီက မန္တလေးတက္ကသိုလ် အားကစားခန်းမသစ်၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများ၊ ပြိုင်ပွဲဝင် အသင်းတို့မှ တာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်အားပေးကြသည်။

 အဆိုပါ ဗိုလ်လုပွဲတွင် ရတနာပုံတက္ကသိုလ်အသင်းနှင့် မုံရွာတက္ကသိုလ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရတနာပုံတက္ကသိုလ်အသင်းက နှစ်ပွဲ၊ တစ်ပွဲဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

 ထို့ပြင် နှစ်ယောက်တွဲပြိုင်ပွဲတွင် မြစ်ကြီးနားတက္ကသိုလ်အသင်းက စစ်ကိုင်းတက္ကသိုလ်အသင်းကို နှစ်ပွဲ၊ တစ်ပွဲဖြင့် အနိုင်ရရှိသွားပြီး မိတ္ထီလာတက္ကသိုလ် အသင်းက နှစ်ယောက်တွဲပြိုင်ပွဲနှင့် သုံးယောက်တွဲပြိုင်ပွဲတို့တွင် တတိယဆုများ ရရှိသွားကြသည်။

 နှစ်ယောက်တွဲနှင့် သုံးယောက်တွဲပြိုင်ပွဲ၌ တတိယဆုရ မိတ္ထီလာတက္ကသိုလ်အသင်း၊ နှစ်ယောက်တွဲပြိုင်ပွဲ၌ ဒုတိယဆုရ စစ်ကိုင်းတက္ကသိုလ်အသင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရ မုံရွာတက္ကသိုလ်အသင်းတို့မှ အားကစားသမားများနှင့် နှစ်ယောက်တွဲပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရ မြစ်ကြီးနားတက္ကသိုလ်မှ စစ်လင်းထွန်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် နေရာအလိုက် နောက်ခံလူဆုရ မုံရွာတက္ကသိုလ်မှ ဟိန်းလင်းဇော်၊ ရှေ့ဘယ်လူဆုရ မိတ္ထီလာတက္ကသိုလ်မှ သန့်ဇင်ထွန်း၊ ရှေ့ညာနေရာဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသော ရတနာပုံတက္ကသိုလ်မှ သူရစိုးတို့အား အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးနှင့် ချင်းပြည်နယ်၊ ဟားခါးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ လျန်ဇာခုတ်နှင့် တာဝန်ရှိသူ များက ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

 ထို့နောက် နှစ်ယောက်တွဲပြိုင်ပွဲ ပထမဗိုလ်စွဲခဲ့သည့် မြစ်ကြီးနားတက္ကသိုလ်အသင်းနှင့် သုံးယောက်တွဲပြိုင်ပွဲတွင် ပထမဗိုလ်စွဲခဲ့သည့် ရတနာပုံတက္ကသိုလ် အသင်းတို့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက ပထမ တံခွန်စိုက်ဆုဖလားကြီးတို့ကို ချီးမြှင့်ပေးအပ်ခဲ့သည်။