၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်

 မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး တရုတ်ပြည် တက်ဟုန်းပြည်နယ်ခွဲနှင့် မန္တလေးတိုင်းဒေသကြီးတို့၏ ချစ်ကြည်ရေးယဉ်ကျေးမှု အနုပညာပဒေသာ ဖလှယ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီက မန္တလေးမြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည်။

 အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဦးစီးဌာနမှ ယဉ်ကျေးမှုပဒေသာကပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ တိုင်းရင်းသား ယဉ်ကျေးမှုများကို အနုပညာစင်မြင့်မှတစ်ဆင့် စုစည်းဖျော်ဖြေပေးမှုမှသည် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးသမိုင်းအတွက် မှတ်တိုင်တစ်ခုအဖြစ် ကျန်ရှိနေမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးအတွက် အကောင်းဆုံးအထောက်အကူပြုမှုကို ရရှိစေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံတို့သည် နယ်နိမိတ်ချင်းနီးစပ်နေပြီး တိုင်းရင်းသားအများစု၏ ရိုးရာဓလေ့များ တူညီကြကြောင်း၊ ယဉ်ကျေးမှုအနုပညာဖလှယ်ပွဲမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများသည် နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်မှုများ၊ ချစ်ကြည်ရင်းနှီးမှုများ ပို၍တိုးမြင့်လာမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

 အစီအစဉ်အရ မန္တလေးမြို့ရုံးစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး ဒုတိယကောင်စစ်ဝန်ချုပ် မစ္စလီလိပေ့နှင့် တက်ဟုန်းပြည်နယ်ခွဲ ယဉ်ကျေးမှုအနုပညာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မစ္စတာကျန်းဖူလွမ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ နှစ်နိုင်ငံယဉ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 နှစ်နိုင်ငံချစ်ကြည်ရေး ယဉ်ကျေးမှုအနုပညာပဒေသာဖလှယ်ပွဲတွင် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့မှ ချင်း၊ ကရင်၊ ကယန်း၊ မွန်၊ ရခိုင်တိုင်းရင်းသားအကများဖြင့် ပူးပေါင်းပါဝင်ကပြဖျော်ဖြေကြရာ နှုတ်ခွန်းဆက်အက၊ ရခိုင်တိုင်းရင်းသားအက၊ တိုင်ရှမ်းတစ်ကိုယ်တော်သီဆိုဖျော်ဖြေမှု၊ တိုင်ရှမ်းတိုင်းရင်းသားအက၊ ပြဇာတ်၊ ဂျိမ်းဖောတူရိယာ တေးသံသာ၊ တအောဝ်းတိုင်းရင်းသားအက၊ ဂျိမ်းဖောတိုင်းရင်းသားအက၊ မွန်တိုင်းရင်းသားအက၊ ကရင်တိုင်းရင်းသားအက၊ ကယန်းတိုင်းရင်းသားအက၊ အားချန်တိုင်းရင်းသားအက၊ တက်ဟုန်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုဝတ်စုံဖက်ရှင်အကအလှတို့ဖြင့် ဖျော်ဖြေကြသည်။

 တက်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့သည် နယ်နိမိတ်ချင်းထိစပ်နေပြီး မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း၊ မုံးကိုး၊ လွယ်ဂျယ်စသည့် နယ်စပ်မြို့နယ်များဖြင့်လည်း ထိစပ်လျက်ရှိကြောင်း၊ တက်ဟုန်းပြည်နယ်ခွဲရှိ ရှမ်း၊ ဂျိမ်းဖော့၊ လီဆူး၊ အားချန်၊ တအောဝ်းတိုင်းရင်းသားများနှင့် မြန်မာနိုင်ငံရှိ ရှမ်း၊ ကချင်၊ မိုင်းသာ၊ ပလောင်တိုင်းရင်းသားတို့မှာ မျိုးရိုးတူညီသော တိုင်းရင်းသားတစ်စုတည်းမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ တူညီသော တိုင်းရင်းသားများမှာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်နေထိုင်ကြပြီး ယဉ်ကျေးမှုချင်းဆက်နွှယ်နေခြင်း၊ ကိုးကွယ်ယုံကြည်မှုတူညီခြင်းများရှိကြောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစတင်ဖွင့်လှစ်ခဲ့ပြီးနောက် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ကူးလူးဆက်ဆံမှုများစွာ တိုးတက်ခဲ့ကြောင်းသိရသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး ဒုတိယကောင်စစ်ဝန်ချုပ် မစ္စလီလိပေ့နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲယဉ်ကျေးမှုအနုပညာ ကိုယ်စားလှယ်အဖွဲ့၊ မန္တလေးအခြေစိုက် တိုင်းရင်းသား လူမျိုးစုများအဖွဲ့၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။