၂ဝ၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့

၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင်  တိုင်းဒေသကြီးစီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက ယခုအခမ်းအနားတွင် ထူးခြားချက်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဘွဲ့တံဆိပ်တော်များကို ယခင်အစိုးရအဆက်ဆက်က နေပြည်တော်တွင် ဆက်ကပ်ပြီး တိုင်းဒေသကြီးများတွင် ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားသာပြုလုပ်ရကြောင်း၊  ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဘွဲ့တံဆိပ်ရ ဆရာတော်ကြီးများအား တိုင်းဒေသကြီးတွင် ဆက်ကပ်လှူဒါန်းရမည်ဖြစ်ကြောင်း၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ရဆရာတော်ကြီးများ အထိ ဆက်ကပ်လှူဒါန်းပူဇော်ရမည့် အခမ်းအနားဖြစ်သည့်အတွက် ဆရာတော် ဒယကာ ဒါယိကာမ အားလုံးစိတ်နှလုံးချမ်းမြေ့စွာ ကြည်ညို သဒ္ဓါပွားနိုင်သည့်အဆင့်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန္တလေးမြို့တော်ဝန်ဦးကျော်ဆန်းနှင့်လုပ်ငန်းကော်မတီဝင်များက မိမိတို့ လုပ်ငန်းတာဝန်အလိုက်ဆွေးနွေးတင်ပြကြရာ ဉက္ကဋ္ဌမှ  ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအား မတ်လ ၂၇ ရက်နေ့တွင် အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယံ(အတုမရှိ)ကျောင်းတော်ကြီး၌ ကျင်းပမည်ဖြစ်ပြီး အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆရာတော် ၁၅ ပါး၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့ ဆရာတော် ၁၇ ပါး၊ ဂန္ထဝါစက  ပဏ္ဍိတဘွဲ့ဆရာတော် ၂၈ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၇  ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ၈ ပါး၊ သဒ္ဓမ္မ ဇောတိကဓဇတ ၉ ပါး၊ အဂ္ဂမဟာကမ္မဌာနာစရိယ ၂ ပါး၊ မဟာကမ္မဌာနာ စရိယ ၂ ပါး၊ ကမ္မဌာနာ စရိယ ၄ ပါး စုစုပေါင်း ဆရာတော်ကြီး ၁၀၀ ပါး၊ သီလရှင် ဆရာကြီး ၈ ပါးတို့အား ရရှိသည့်ဘွဲ့အလိုက် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။