၂၀၂၁ခုနှစ်၊  မတ်လ ၁၇ ရက်

၂၀၂၁ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို မတ်လ ၁၇ ရက် ညနေ ၃ နာရီက မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကို တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက မန္တလေးမဟာသင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံ တွင်အထင်ရှားဆုံးသော ယဉ်ကျေးမှုသင်္ကြန်ပွဲတော်ဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်အား ယခင်ကကျင်းပခဲ့သည့်အစဉ်အလာများမှကောင်း မွန်သည်များကို ဆက်လက်ဆောင်ရွက်မည်သကဲ့သို့  ပိုမို၍ကောင်းမွန်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော် ပြုလုပ်ရာတွင် မဏ္ဍပ်ဆောက်လုပ်မည့်သူများ ငွေကုန်ကြေးကျသက်သာအောင် မည်သို့ဆောင်ရွက်မည်ကို စဉ်းစားရန်လိုအပ်ကြောင်း၊ မန္တလေးမြို့၏အထင်ကရအလှမှာ ကျုံးမြို့ရိုးဖြစ်၍ ကျုံးမြို့ရိုးအလှပေါ်လွင်သည့် အတာသင်္ကြန်ပွဲဖြစ်ရန်အတွက် မဏ္ဍပ်များမည်သို့ထားရှိ တည်ဆောက်မည်ကို ဆွေးနွေးအကြံပြုရန် လိုအပ်ကြောင်း၊ အကန့်အသတ်ဖြင့်ကျင်းပရမည်ဖြစ်သော်လည်း သင်္ကြန်ပွဲလည်းစည်ကား၊ လူထုလည်းလုံခြုံ စိတ်ချစွာပျော်ရွှင်၊ အကုန်အကျလည်းသက်သာစေရန် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်ဆွေးနွေး မှာကြားခဲ့ပါသည်။

ဆက်လက်၍ မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ မြို့တော်ဝန် ဦးကျော်ဆန်းက လုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှုများ၊ ယခင်နှစ်များက ကျင်းပဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်တော်ပွဲတော်ကျင်းပရေး ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီ များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ကြမည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်း‌ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

မန္တလေးမြို့တော် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား  မိဘပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် အတာရေသဘင်ပွဲဆင်နွှဲနိုင်ရန် ရေကစားမဏ္ဍပ်များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးပြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။