၂ဝ၂၁ခုနှစ်၊ဇန်နဝါရီလ ၄ ရက်နေ့

၂၀၂၁ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်ခြင်း၊ နိုင်ငံတော်အလံအားအလေး ပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတို့ကို ဇန်နဝါရီလ ၄ ရက်နေ့နံနက် ၇နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ၂၀၂၁ခုနှစ်(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။ 

ရှေးဦးစွာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၄နာရီ မိနစ်၂၀တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စစ်တီးဝိုင်းတပ်စုနှင့် အလံတင်တပ်စုတို့က အခမ်းအနားကို အစီအစဉ်များအတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား စင့်မြင့်ထိပ်ရှိအလံတိုင်ထိပ်သို့ လွှင့်တင်ကာ အလေးပြုကြ သည်။

 ဆက်လက်၍ နံနက် ၇နာရီတွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြား ခြင်းတို့ကိုပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၊ တက်ရောက်လာကြသူများ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးတို့မှ ကိုယ်စားလှယ်များနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကိုအလေးပြုကြရာ ဂုဏ်ပြုတပ်ဖွဲ့ စစ်တီးဝိုင်းမှတပ်ဖွဲ့ဝင်များက နိုင်ငံတော်သီချင်းကို တီးမှုတ်ကြသည်။ ယင်းနောက် ဂုဏ်ပြုတပ်ဖွဲ့မှ ကျဆုံး လေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြုကြပြီးနောက် အခမ်းအနားကို အစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်မြင့်ထံမှ ၂၀၂၁ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖတ်ကြားသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၏ဇနီး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းဝင်များနှင့်၎င်းတို့၏ဇနီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီအသီးသီးတို့မှကိုယ်စာလှယ်များ၊ မန္တလေးမြို့အခြေစိုက်တိုင်းရင်းသား လူမျိုးစုများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်ပြည်သူများ စုစုပေါင်းအင်အား ၃၅၀ ကျော်တက်ရောက်ခဲ့ကြသည်။

"  ၇၃ နှစ်မြောက်လွတ်လပ်​ရေးနေ့အခမ်းအနားကို New Normal Life အရ ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်တွေနဲ့ အညီကျင်းပတာဖြစ်ပါတယ်၊ လူအင်အား ၄၀၀လောက်ဖိတ်ကြားခဲ့ပါတယ်၊ လွတ်လပ်​ရေးနေ့အနှစ်သာရကတော့ သမ္မတကြီးရဲ့ သဝဏ်လွှာထဲမှာပါရှိပြီးပါပြီ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အတွက် တိုင်းရင်းသားတွေရဲ့အခွင့်အ​ရေးကို ကာကွယ်စောင့်ရှောက်မယ်၊ တိုင်းရင်းသားတွေအတွက် နိုင်ငံရေးညီမျှမှု၊ လူမှုစီးပွားရေးတန်းတူညီမျှမှု၊ တရားဥပဒေညီမျှမူ စတာတွေအားလုံးကို အာမခံချက်ပေးမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို ပြည်သူရယ်၊ အစိုးရရယ်ဝိုင်းဝန်းတည်ဆောက်ကြရမှာ ဖြစ်ပါ တယ်၊ လွပ်လပ်ရေးနေ့ဆိုတာ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ကြတဲ့သူတွေရဲ့ ကျေးဇူးကို အောက်မေ့တမ်းတရင်းနဲ့နောက်မျိုးဆက်သစ်တွေက လွတ်လပ်ရေးဆိုတာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်တယ်ဆိုတာလူတိုင်းရင်ထဲမှာရှိစေချင်ပါတယ်၊ နိုင်ငံသူနိုင်ငံသားအားလုံးက လွတ်လပ်ရေးဆိုတာ ငါတို့လက် ထက်မှာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ်၊ နောင်မျိုးဆက်သစ်မှာလည်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်မယ်ဆိုတဲ့အသိ ရအောင်ဆိုတာကတော့ စာတွေများများဖတ်ပေးရပါမယ်၊ ဒီလိုအသိအမြင် တွေကိုနည်းပေါင်းစုံနဲ့ဒီလိုမီဒီယာပေါင်းစုံတွေကနေတစ်ဆင့် ဆောင်ရွက်ပေးရပါမယ်၊ ဒါကြောင့်ပြည်သူ လူထုကြီးကလည်း လွတ်လပ်​ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ တိုက်တွန်းပါရစေ၊ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်၍ လက်ရှိအခြေအနေမှာ ကူးစက်မှုလျော့ကျနေပါတယ်၊ ဆက်လက်ပြီးလည်း ရောဂါ ပြန့်ပွားမှုကျဆင်းသွားအောင် ပြည်သူနဲ့အတူ အားလုံးက၀ိုင်းဝန်းဆောင်ရွက်သွားရမှာပါ"ဟု အခမ်းအနား အပြီးတွင်  မီဒီယာများ​၏ မေးမြန်းချက်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြေကြားခဲ့သည်။

 ဇန်နဝါရီလ ၄ ရက်နေ့ ကျင်းပခဲ့သည့် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့်သဝဏ်လွှာဖတ်ကြားခြင်းအစီအစဉ်၌ ဝင်ပေါက်နေရာများတွင်လည်း ကျန်းမာရေးဝန်ထမ်းများက တက်ရောက်လာကြသူ များအား Thermal Imaging Camera ၊ Non–Contact Thermometer များဖြင့် အပူချိန်တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး Surgical Mask ၊ မျက်နှာအကာ Face Shieldနှင့်လက်အိတ်များကို အခမ်းအနားကျင်းပစဉ် ကာလတစ်လျှောက်လုံး ဝတ်ဆင်အသုံးပြု၍ အခမ်းအနားဆောင်ရွက်ပြီးစီးချိန်တွင် စနစ်တကျစွန့်ပစ်ခဲ့ကြကာ လူစုလူဝေးမဖြစ် စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ခဲ့ကြသည်။