မန္တလေးတိုင်းကို မြန်မာမင်းများ လက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုင်းဒေသအတွင်းရှိ အမရပူရတောင်ပိုင်း တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပါး စသည့် ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံ အညာသားယဉ်ကျေးမှုတစ်ရပ် ထူတောင်ခဲ့ခြင်း (ထိုဒေသများတွင် ကျောက်ခေတ်ဦးပိုင်း လူသားများ အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ ကျောက်လက်နက်များ တစ်ပုံတစ်ပင် တွေ့ရှိခဲ့ရ။ ထိုအသုံးပြုခဲ့သော ခေတ်ကာလကို “အညာသားယဉ်ကျေးမှု” (Anyarthian Culture)ဟု ခေါ်တွင်ခဲ့ကြသည်)၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿ နိုးမြို့ဟောင်းနှင့် ခေတ်ပြိုင် မိုင်းမော၊ ၀တီး စသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း(ဘီစီ-၂)၊ ပုဂံ(အေဒီ- ၈၄၉)၊ အမရပူရ(အေဒီ- ၁၁၄၄)၊ ပင်းယ(အေဒီ-၁၃၁၂)၊ အင်းဝ(အေဒီ-၁၃၆၄)၊ ညောင်ရမ်း(အေဒီ-၁၅၉၇)၊ ရတနာပုံ(အေဒီ-၁၈၅၉) စသော မြန်မာမင်းနေပြည်တော်များ စတင်တည်ထောင်ခဲ့ခြင်း၊ (အေဒီ-၁၀၄၄) ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်ကွင်း(၁၁)ခရိုင် (နောင်(၉)ခရိုင်)တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ (အေဒီ-၁၁၁၂)မှ စ၍ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့ခြင်း၊ ပင်းမြို့(၄၃)မြို့ ထူထောင်၍ ကာကွယ်ရေး တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။